ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတ ပြည့်ဝရေးအတွက် လေ့လာဆည်းပူးကြရန်နှင့်ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပသည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မိမိမော်ကအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားပြီးနောက် အင်းစိန်မြို့နယ်၊ အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်း၊ Founder ဆရာ ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်ကဦးဆောင်၍ ကျောင်းသားကျောင်းသူ(၆)ဦးက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။
ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများ၏ကဏ္ဍအလိုက် အသီးသီး ပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)