မော်လမြိုင် စက်တင်ဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ရတနာမွန်)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် နိုင်ငံအလိုက် စာတတ်မြောက်ရေးလုပ်ငန်းများကို ဖြန့်ကျက်လွှမ်းခြုံဆောင်ရွက်နိုင်ရေးအတွက် ၁၉၆၆ ခုနှစ်ကစတင်ပြီး နှစ်စဉ်စက်တင်ဘာလ(၈)ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ စာတတ်မြောက်ရေး လုပ်ငန်းတွင်ပြည်သူများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာစေရေးကို အထောက်အကူပြုမှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ဆောင်ပုဒ်မှာ “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့ ” ဆိုသည့်ဆောင်ပုဒ်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အဘက်ဘက်မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြပြီး လူသားတစ်ဦးချင်းစီကလဲ “ စာမတတ်သူ တို့ဝိုင်းကူ” ဟူသော ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး စာတတ်မြောက်ရေးဟာ နိုင်ငံသားအားလုံးရဲ့ တာဝန်တစ်ခုဖြစ်ပြီး တိုးတက်လာသည့် ပညာခေတ်မှာ ထူးချွန်ထက်မြက်သော သားကောင်းရတနာလေးများ ပေါ်ထွန်းလာရေး အတွက် အားလုံးက စာပေဖြင့် ဝိုင်းဝန်းဖော်ဆောင်ပြီး လူတိုင်းစာတတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားပြီး စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု Video Clip အား ပြသခဲ့သည်။
ဆက်လက်၍ မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများကတေးသီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေး၍ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)