နမ့်စန်တွင် ဝက်မွေးမြူရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

နမ့်စန်(တ) စက်တင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (Sunjin Myanmar Company)၊ (Shan Pane) မွေးမြူရေးအစာဆိုင်နှင့် (Dr Sai Aung Tun Oo) မွေးမြူရေးအစာဆိုင်တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် ဝက်မွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် (Sunjin Myanmar Company) မှ ရှမ်းပြည်နယ်တောင်ပိုင်း အရောင်းမန်နေဂျာ ဒေါက်တာအောင်မြင်က (Company) ၏ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အထက်မြန်မာပြည် အရောင်းမန်နေဂျာ ဒေါက်တာဇေမျိုးကျော်က ဝက်မွေးမြူရေးဆိုင်ရာ အထွေထွေလုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာကြသူများက သိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ (Sunjin Myanmar Company) မှတာဝန်ရှိသူများက စုစုပေါင်း ကျပ်သိန်း (၃၀) ကျော်တန်ဖိုးရှိ အသားတိုးဝက် အငယ်၊ အလတ်၊ အကြီး ဝက်စာအိတ် (၈၀) အိတ် ကို ဆွေးနွေးပွဲတက်ရောက်လာကြသူများအား ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့သည်။ အဆိုပါ မွေးမြူရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲသို့ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ မွေးမြူရေးလုပ်ငန်းရှင် (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)