တိုက်ကြီးမြို့နယ်၌ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေငါးသိန်း ငါးမျိုးစိုက်ထည့်

တိုက်ကြီး စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ ငါးသယံဇာတတိုးပွားလာစေရန်နှင့် ပြည်သူများ ငါးစားသုံးမှုမြင့်မားလာစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးမျိုးစေ့စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် ဖိုးခေါင်ကျေးရွာအုပ်စု ရွာသာတံတားအနီးရှိ လှိုင်မြစ်ကမ်းဘေးတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တိုက်ကြီးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးစိုးမိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ခိုင်မာအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပြည်သူများ တက်ရောက်ကြသည်။

ထို့နောက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်လာကြသူများက  ငါးမြစ်ချင်းကောင်ရေ ၄ သိန်းနှင့် ငါးခုံးမကြီးကောင်ရေ ၁ သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅ သိန်းတို့အား လှိုင်မြစ်အတွင်းသို့ စုပေါင်းငါးမျိုး စိုက်ထည့်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)