အ.မ.က‌ တောင်ပိုင်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ကော့မှူး  စက်တင်ဘာ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက် အ.မ.က‌ တောင်ပိုင်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က စာပေဖတ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်း မှတ်သားနိုင်စွမ်း တွေးခေါ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည်အကောင်းဆုံးသော မိမိဘာသာလေ့လာသင်ယူခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်စေပြီး အမှားအမှန်ဝေဖန်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)