လှည်းကူး စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီ အမျိုးမျိုးပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာအုပ်စု၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီမှူးဦးဘသိန်း၊ မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးနှင့် မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာလက်ထောက် ညွှန်ကြားရေးမှူးဦးရဲဇော်ထွန်းတို့က သင်တန်းဆင်းအမှာစကားများပြောကြားပြီး ခရိုင်ဦးစီးမှူးဦးဘသိန်းက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ထို့နောက်မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းနည်းပြဆရာအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်သည်။
အဆိုပါသင်တန်းတွင်လူသုံးကုန်ပစ္စည်းဖြစ်သည့် ခေါင်းလျှေည်ရည်နှင့်ဆပ်ပြာဆီအမျိုးမျိုး ပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိသင်ကြားပေးပြီး သင်တန်းတွင် နှုတ်ခမ်းမွှေးသိုက်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား/သူ(၂၄)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာစက်တင်ဘာလ(၄)ရက်မှ (၈)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)