ဥတ္တရသီရိမြို့နယ်၌ “အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့”ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၈

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီမြို့နယ်တွင် “အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြတ်ထက်က အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိမ့်မှ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဖြစ်ပေါ်လာပုံ၊ သန့်ရှင်းသောလေထုနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းများ၊ လေထုအရည်အသွေးအဆင့် သတ်မှတ်ချက်များ၊ လေထုအရည်အသွေးတိုင်းတာခြင်းနှင့် လေထုညစ်ညမ်းမှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်အတွက် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတမေးခွန်းများ မေးမြန်းကာ ​ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)