နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

နမ္မတူ စက်တင်ဘာ ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ စာရေးဆရာ တက်တိုး၏ “စာဖတ်စည်းစိမ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ယခုကဲ့သို့ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးစေရေး စာဖတ်ဝိုင်းများကို လစဉ် စာအုပ်စာပေ ဝါသနာပါသူ (Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)