ဖယ်ခုံမြို့နယ်၌ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖယ်ခုံ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ပြည်သူများ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများကို ယနေ့နံက် ၈ နာရီခွဲ က စတင်၍ မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့်  မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ခန်းမဆောင်ရှေ့ ပြည်ထောင်စုလမ်းကြီးတွင် Mask တပ်ရန်ပျက်ကွက်သော ပြည်သူများအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ပြီး Mask ကို အခမဲ့ဖြန့်ဝေ၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်စေရေး ပညာပေးခြင်းလုပ်ငန်းများကို အချိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက မဖြစ်မနေ Mask ကို စနစ်တကျတပ်ဆင်စေရေး၊ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Mask တပ်ဆင်ရန်ပျက်ကွက်သော ပြည်သူ ၈၂ ဦးအား ဒဏ်ငွေရိုက်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူက Mask များ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ် ကျေး/လက်ဦးစီးမှူး၊ မြို့နယ်လယ်/စီ/အင်း ဦးစီးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်ပြီး မြို့နယ် ပြန်/ဆက်မှ အတွင်းရေးမှူးအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုထွေး(ဖယ်ခုံ)