ငါန်းဇွန် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျောင်းသားလူငယ်များအနေ ဖြင့် မှတ်ကန်သော ဘဝရည်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင် ရမည်ဖြစ်ကြောင်း၊ လူငယ်များ အရည်အသွေးပြည့်ဝစေဖို့ အတတ်ပညာလိုအပ်သလို အသိပညာဆိုတဲ့ တွေးခေါ်မျှော်မြင်တတ်မှုသည်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ အသိပညာ အတတ်ပညာ နှစ်မျိုးလုံးကို ရရှိဖို့အတတ်ပညာကို ကြိုးစားသင်ယူရမှာဖြစ်သလို အသိပညာကိုလည်း ကိုယ်တိုင်လေ့လာ ဆည်းပူးရမှာ ဖြစ်ပါကြောင်း၊ အသိပညာ အတတ်ပညာ ပြည့်ဝစေဖို့ သုတရသစာပေကို လေ့လာဆည်းပူး ကြိုးစားအားထုတ်ပါက အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိကြမည်ဖြစ်ကြောင်း လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားရမည့်နေရာ စသည်ဖြင့် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)