လောက်ကိုင်မြို့ပေါ်ရှိ လမ်းများနှင့်​ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေးတွင် စည်းကမ်းမဲ့စွာ စုပုံထားသည့် သံတိုသံစ၊ သံထည်ပစ္စည်းများနှင့် အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်

လောက်ကိုင် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လမ်းများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေးတွင် စည်းကမ်းမဲ့စွာ စုပုံထားသည့် သံတိုသံစ၊ သံထည်ပစ္စည်းများနှင့် အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ​ပူးပေါင်း၍ လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဆင်ဝိုင်းလမ်းဆုံမှ ရန်လုံကျိုင်းသွားရာလမ်းမကြီးဘေးအထိ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သံတိုသံစနှင့် သံထည်ပစ္စည်းများ စည်းကမ်းမဲ့စွာ ထားရှိမှုများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် သံတိုသံစနှင့် သံထည်ပစ္စည်းလုပ်ငန်းများ လုပ်ကိုင်သည့် လုပ်ငန်းရှင်များကို ခေတ္တယာယီရပ်ဆိုင်းထားရန် မှာကြားခဲ့ကြောင်း သိရသည်။

ချန်ထွန်းအောင်