ဗန်းမော်မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာမှုအပြီးတွင် လာရောက် ကြည့်ရှုသူ (၄၅၇၆၇)ဦး အထိရှိ

ဗန်းမော်  အောက်တိုဘာ  ၁၆

ဗန်းမော်ခရိုင်  ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ (၁၄)ရက်အကြာ ကပ်ထားကြေညာပေးခဲ့ရာ လာရောက်ကြည့်ရှု သည့် မဲဆန္ဒရှင် ပြည်သူပေါင်း (၄၅၇၆၇)ဦး အထိရှိကြောင်းနှင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လာရောက် လျှောက်ထားသူများလည်း ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်များ ကြေညာမှုအပြီးတွင် မဲဆန္ဒရှင်စာရင်းတွင် မပါသဖြင့် ပုံစံ(၃)ဖြင့် တောင်းဆိုသူ (၁၂၀၉)ဦး၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၀၇၃)ဦး၊ မဲဆန္ဒရှင်စာရင်းတွင် အချက်အလက်များ မှားယွင်းနေခြင်းကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၁၄၉)ဦးရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်အတွင်း ရပ်ကွက်(၁၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၂)အုပ်စုတို့တွင် မဲရုံပေါင်း (၆၉)ရုံထားရှိ သွားမည်ဖြစ်ပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အခြေခံမဲဆန္ဒရှင် ဦးရေစုစုပေါင်း (၉၁၃၈၂)ဦးခန့်ရှိကြောင်း၊ တိုင်းရင်းသား မဲဆန္ဒရှင်စာရင်းများမှာ ဗမာတိုင်းရင်းသား မဲဆန္ဒရှင်(၄၁၄၂၆)ဦး၊ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်(၂၉၄၈၆)ဦး၊ လီဆူတိုင်းရင်းသား မဲဆန္ဒရှင်(၁၄၈၉)ဦး၊ ရဝမ်တိုင်းရင်းသား မဲဆန္ဒရှင်(၂၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)