မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းယောင်း စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့တွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့်လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ်နှင့်အကောင်းဆုံး သောဘဝကိုတည်ဆောက်ခြင်း”အကြောင်းကို ဖတ်ကြားသည်။

ဆက်လက်၍ Youth Club အသင်းမှ ဦးအောင်ဆန်းဦးက “လူငယ်နှင့်အောင်မြင်ခြင်း” အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဝေဝေခိုင်က “လူငယ်နှင့် သဘာဝဘေးအန္တရာယ်” အကြောင်းကိုလည်းကောင်း၊ Woman Club အသင်းဥက္ကဋ္ဌ ဒေါ်နန်းလျှိုးရှဲန်းမုန်းက “လူငယ်နှင့်စူးစမ်းလေ့လာမှုများ” အကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က “လူငယ်နှင့်တာဝန်သိမှု” အကြောင်းကိုလည်းကောင်း၊ Book Club အသင်းမှ ဦးရဲရင့်အောင်က “လူငယ်နှင့်မေတ္တာတရား” အကြောင်းကို လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် မိမိတို့ဖတ်ကြားသည့် အကြောင်းအရာများ၊ ရရှိလာသော အသိပညာ ဗဟုသုတများ၊ စာဖတ်ခြင်းမှ ရရှိလာသည့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)