မိုင်းဆတ်မြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ကမ္ဘာ့ကုလသမဂ္ဂရှိ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ခွဲမှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ အီရန်နိုင်ငံ တီဟီရန်မြို့၌ စာတတ်မြောက်ရေး ညီလာခံကျင်းပခဲ့ပြီး ထိုသို့စတင်ကျင်းပခဲ့သည့် ယနေ့ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အဖြစ် နှစ်စဉ်ကျင်းပရန်သတ်မှတ်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများအစု၌ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၈)ရက်နေ့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် ကျင်းပသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေးဆိုင်ရာလှုပ်ရှားမှုကို အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း စသည်ဖြင့်  အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်  သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)