မိုင်းဆတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် အားလပ်ချိန်၌ စာအုပ်စာစောင်များ ဖတ်ရှုရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားကာ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက ကျောင်းသား၊ ကျောင်းသူများ ပညာကို စနစ်တကျလေ့လာဆည်းပူးသင့်ကြောင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဦးနှောက်ခွန်အားဖြစ်စေမည့် စာပေများဖတ်ရှုသင့်ကြောင်း အသိပညာပေးဟောပြော၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးပြီး အကောင်းဆုံးဖတ်ရှုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်၊ စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)