မလှိုင် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောက်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(Standard Operating Procedure–SOP) ရေးဆွဲပြုစုရေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့တွင် ပါဝင်သူများအနေဖြင့် လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လယ်ယာမြေ ဥပဒေပါ အကြောင်းအရာများကို မည်သူမဆို ဖောက်ဖျက်ကျူးလွန်ပါက မည်သို့အရေးယူခံရမည်ကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောက်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ အဆိုပါအကြောင်းအရာများနှင့် ဆက်စပ်၍ သိရှိသင့်သည့် ဥပဒေ ပုဒ်မ (၁၅) ၊ (၁၆) (၁၈) ၊ (၁၉)ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လယ်ယာမြေဥပဒေပါ စည်းကမ်းချက်များ ကိုလိုက်နာရန် ပျက်ကွက်ပါက အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ပုံစံ(၇)ပျက်စီး ပျောက်ဆုံးပါက လျှောက်ထားဆောင်ရွက်ရမည့် နည်းလမ်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးများ အကြောင်း၊ (၃၁.၈.၂၀၁၂)မတိုင်မီနှင့် (၁.၉.၂၀၁၂)နောက်ပိုင်း လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲအခြားနည်း (ကျူးလွန်)သုံးစွဲမှုအခြေအနေဖော်ပြသည့် စာရင်းကောက်ယူရေး ဇယားပုံစံကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုက နိုင်ငံတော်မှ ဆန်ဖူလုံရေး ၊ ဆီဖူလုံရေး အဓိကထား ဆောင်ရွက်နေသည့်အတွက် လပ်မြေမကျန်ရှိရေး စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပြီး သီးနှံများ စိုက်ပျိုးသွားရန်၊ စိုက်ဧက မကျန်ရှိစေရေး၊ အမှန်ဖြစ်စေရေးအလေးထား ဆောင်ရွက်သွားကြရန်နှင့် လယ်စီအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသည် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးဥက္ကဋ္ဌများက သိရှိလိုသည်များကို မေးမြန်းပြီး အကြံပြု ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် မြေစာရင်းဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု(၅၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ စုစုပေါင်း အင်အား (၁၈၀)ဦးခန့် ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)