သထုံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်

သထုံ စက်တင်ဘာ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန့်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သထုံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာများရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာဗဟုသုတနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က (၁) သထုံကျောင်းမှ Grade -11 ကျောင်းသား‌၊ ကျောင်းသူ လေးဦးတို့က "လူငယ်နှင့် စာပေ" "လူငယ်နှင့် မူးယစ်ဆေးဝါး"  "လူငယ်နှင့်အားကစား"  "လူငယ်နှင့် အောင်မြင်မှု" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်း ပါဝင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (သထုံ) မှ ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)