လားရှိုး စက်တင်ဘာ ၈
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်မှ စီစဉ်ကျင်းပသည့် လူငယ်သီတင်းပတ်တွင် စာအုပ်ဈေးရောင်းပွဲအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ စာပေဗိမာန်ထုတ်စာအုပ်များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
စာအုပ်ဈေးရောင်းပွဲတော်ကို လားရှိုးပညာရေးဒီဂရီကောလိပ်ရှိ ပညာရတနာခန်းမတွင် ခင်းကျင်းပြသ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး စာအုပ်စာပေချစ်မြတ်နိုးသူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
“ဒီလို ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာအုပ်လေးတွေ လာရောက်ရောင်းချပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ကျောင်းကနေ အပြင်ထွက်ပြီး စာအုပ်တွေ ထွက်ဝယ်ဖို့ဆိုတာ သိပ်အဆင် မပြေလှဘူး။ ကျောင်းစာတစ်ဖက်၊ နောက်ပြီး မြို့ထဲက စာအုပ်ဆိုင်တွေဆီ သွားဝယ်ဖို့ကလည်း အချိန်ပေးမှ ရမှာဆိုတော့ တကူးတက သွားမှဖြစ်မယ်။ အခုလို ကျောင်းထိလာရောက်ပြီး စာပေဗိမာန်ထုတ်စာအုပ်တွေကို လာရောက်ရောင်းချပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာတယ်။ ဈေးနှုန်းတွေလည်း ထိုက်သင့်တဲ့ အနေအထားဆိုတော့ စာအုပ်တွေ များများဝယ်ထားပါတယ်” ဟု ပညာရေးဒီဂရီကောလိပ် ကျောင်းသူတစ်ဦးက ပြောသည်။
ပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည့် လူငယ်သီတင်းပတ်ကာလအတွင်း ပညာရေးဌာနပြခန်း၊ ICT ပြခန်း၊ အိမ်တွင်းမှုဌာနပြခန်း၊ သိပ္ပံဘာသာရပ်များဌာနပြခန်း၊ ဂီတအနုပညာဌာနပြခန်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များဖြင့် စက်တင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)