မိုင်းကိုင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်၊ စာပေ၏တန်ဖိုးကို သိရှိနားလည်တတ်စေရန် ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြိုင်ပွဲ၊ ဆုပေးပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က ပြိုင်ပွဲကျင်းပမှုအခြေအနေ ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများက ဆုရ နံရံကပ်စာစောင်များကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲဝင်နံရံကပ်စာစောင်များနှင့် ကလေးစာပေများ၊ သုတ၊ ရသစာအုပ်များ ပြပွဲကို ခင်းကျင်းပြသရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက လေ့လာကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)