လားရှိုး အောက်တိုဘာလ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှု ဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထား ခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆) ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ (၉)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား(၁၀၇၀၃)ဦး၊ အမျိုးသမီး (၆၅၉၇)ဦး စုစုပေါင်း (၁၇၃၀၀)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ထိုသို့ပို့ဆောင်ပေးရာတွင် လတ်တလောနယ်မြေဒေသ အခြေအနေအရ မီးရထားခရီးစဉ်ဖြင့် လွှဲပြောင်းပို့ဆောင် ပေးနေမှုအား ရပ်နားထားပြီး ယမန်နေ့ညနေ (၄)နာရီအချိန် က ခရီးသည်တင် မော်တော်ယာဉ်များဖြင့် လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ နေရပ်ပြန်ပြည်သူ အမျိုးသား (၉၀)ဦး၊ အမျိုးသမီး (၄၂) ဦး စုစုပေါင်း (၁၃၂)ဦး အားထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။ နေရပ်ပြန်ပြည်သူ (၁၃၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ရောဂါပိုး ရှိ/မရှိကို Rapid Diagnosis Test (RDT) ဖြင့် စမ်းသပ်စစ်ဆေးရာ နေရပ်ပြန်ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၁၃၂)ဦးတို့တွင် ကချင်ပြည်နယ်မှ(၈)ဦး၊ ချင်းပြည်နယ်မှ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၆)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၂)ဦး၊ နေပြည်တော်မှ (၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၁ )ဦး၊ ရခိုင်ပြည်နယ် မှ(၄၈)ဦး တို့ဖြစ်သည်။
နေရပ်ပြန်ပြည်သူများကို လားရှိုးမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် ညအိပ်တည်းခိုရေးအတွက် ပညာရေးကောလိပ်တွင် စီစဉ်ထားရှိပေးပြီး စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ကျန်းမာရေး စစ်ဆေးခြင်းများ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန က တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြည်နယ်၊ပြန်/ဆက်)