ကျောက်မဲ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်၊ ယစ်မျိုးဆိုင်၊ ဆေးဆိုင်နှင့်ရွှေဆိုင်များအား သတ်မှတ်နှုန်းထားများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ယမန်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(စုံစမ်းရေး) ဦးဝင်းသိန်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီမောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ပေါ် ရပ်ကွက်များရှိ ကုန်စုံဆိုင် (၆) ဆိုင်၊ ဆေးဆိုင် (၂) ဆိုင်၊ ယစ်မျိုးဆိုင် (၃) ဆိုင်၊ ရွှေဆိုင် (၅) ဆိုင်တို့တွင် စားသုံးဆီများ၊ စားသောက်ကုန် ပစ္စည်းများအား သတ်မှတ်နှုန်းထား များနှင့်အညီ ရောင်းချမှု ရှိ/မရှိ အခြေအနေများ၊ ရွှေဆိုင်များတွင် လိုအပ်သော လုံခြုံရေး အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးနှင့် ယစ်မျိုးဆိုင်များတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရေးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)