မြစ်သား အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ပြည်သူ့ဆေးရုံတွင် ကျောက်ဆည်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြု လူနာနှင့် အတူစီးနင်းလိုက်ပါလာသော မြစ်သားမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၁)ဦး ရောဂါပျောက်ကင်း၌ ယမန့်နေ့က ဆေးရုံဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-အတည်ပြုလူနာ(၁)ဦးအား မြစ်သားပြည်သူ့ဆေးရုံ၊ ကျန်းမာရေးဌာနမှူး ဒေါက်တာစိန်ပိုက ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် (၇) ရက်တိတိ ဆက်လက်အနားယူ နေထိုင်ရမည်ဖြစ်ကြောင်း မိသားစုများနှင့်အတူ ရောနှောနေ ထိုင်ခြင်းမပြုပဲ၊ သီးခြား နေထိုင်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက်မြစ်သားမြို့နယ်လုံးဆိုင်ရာ မေတ္တာရှင်လူမှုကူညီရေး အသင်းသား/အသင်းသူများ စုပေါင်းကာ ပန်းကုံးစွတ်ခြင်း၊ လက်ဆောင်ပစ္စည်းပေးခြင်းတို့ဖြင့် ကြိုဆိုဂုဏ်ပြု၍ ၎င်း နေထိုင်ရာ ကျေးရွာအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦးရှိပြီး ယမန့်နေ့တွင် (၁) ဦး ဆေးရုံဆင်းခွင့်ရရှိသဖြင့် တစ်ဦးသာကျန်ရှိတော့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)