ရမ်းဗြဲမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ဒေသခံပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရမ်းဗြဲ စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင်၊  ရမ်းဗြဲမြို့၌   မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့မွန်းလွဲပိုင်းတွင် ရမ်းဗြဲမြို့ပေါ်ရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရမ်းဗြဲမြို့နယ်  ကိုယ်စားလှယ် ဒေါ်ခင်သန်းရွှေ ဦးဆောင်သောအဖွဲ့က ဒေသခံ ပြည်သူများအား စားသောက်ရေး အဆင်ပြေစေရန် သက်သာသော ဈေးနှုန်းဖြင့် ၎င်းတို့ လိုအပ်လျက်ရှိသော စားသုံးဆီများကို လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာ ၄၇၀၀/- ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့သည်။

ထိုသို့စားသုံးဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအပေါ် ယခုကဲ့သို့ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည့် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း လာရောက်ရောင်းချပေးစေလိုပါကြောင်း ဈေးဝယ်လာသူ ပြည်သူတစ်ဦးမှ ပြောကြားသည်။ ယင်းသို့ ဈေးရောင်းချရာသို့ ဒေသခံပြည်သူများက တစ်ခဲနက်လာရောက် ဝယ်ယူခဲ့ကြကြောင်း သိရသည်။

အောင်တင်ကြည်(ပြန်/ဆက်)