ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အသိပညာပေး Talk Show ပြုလုပ်

ကျောက်ဖြူ စက်တင်ဘာ ၈ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။ 

အဆိုပါ အသိပညာပေး Talk Show တွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နှင်းသဇင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဖြစ်ပေါ်လာသည့်အကြောင်းအရာများကို ဆွေးနွေးမေးမြန်းရာ  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းဝေက “လေထုအရည်အသွေးကောင်းမွန်လာစေရေးအတွက် လူသားတို့၏အသိအမြင်နှင့် နားလည်သဘောပေါက်မှုတို့အား မြှင့်တင်ပေးနိုင်ရန်နှင့် ဖြေရှင်းဆောင်ရွက်မှုများကို တိုးတက်စေရန်ရည်ရွယ်ပြီး  စက်တင်ဘာ(၇) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day Of Clean Air for Blue Skies) အဖြစ် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သတ်မှတ်ဆုံးဖြတ်ခဲ့ကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ကျန်းမာရေးကိုထိခိုက်ခြင်း၊ နှလုံးသွေးကြောနှင့်သက်ဆိုင်သောရောဂါများ၊ အသက်ရှူလမ်းကြောင်းနှင့် သက်ဆိုင်သောရောဂါများကိုဖြစ်စေကြောင်း၊ တစ်နှစ်လျှင် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ(၇)သန်းခန့်မှာ အရွယ်မတိုင်မီသေဆုံးခြင်း၊ လူ၊ တိရိစ္ဆာန်၊ အပင်တို့၏ဂေဟစနစ်ကိုပျက်စီးခြင်း၊ ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေခြင်း၊ အက်ဆစ်မိုးများရွာသွန်းခြင်း၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကိုဖြစ်စေခြင်းနှင့် ရာသီဉတုပြောင်းလဲမှုကိုဖြစ်စေခြင်း အစရှိသည့် ဆိုးကျိုးများကိုဖြစ်ပေါ်စေကြောင်း” စသည်ဖြင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်စေနိုင်သည့် ဆိုးကျိုးများနှင့် လျော့ချနိုင်မည့်နည်းလမ်းများကို ပြည်သူများသိရှိစေရန် အသိပညာပေး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း ခရိုင်(ပြန်/ဆက်)