အောင်မြေသာစံ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အခြေခံစားကုန်နှင့် သားငါး ကုန်ဈေးနှုန်းတည်ငြိမ်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြာသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ခရိုင်(၃)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဆန်၊ ဆီ၊ ပဲနှင့် စားဖိုဆောင်စိုက်ပျိုးရေးကဏ္ဍ ဆွေးနွေးမည့်ပုဂ္ဂိုလ်များ၊ သား/ငါးမွေးမြူရေးကဏ္ဍ ဆွေးနွေးမည့်ပုဂ္ဂိုလ်များ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များ MRCCI အသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အမှာစကားပြောကြားပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (Work Shop) ကို ဆက်လက်ပြုလုပ်သည်။
အဆိုပါ Work Shop တွင် ဆန်၊ စပါး၊ ဆီ၊ ပဲနှင့် စားဖိုးဆောင်သီးနှံများ၊ ဥစားကြက်၊ အသားစားကြက်၊ ဘဲ၊ ငုံး၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ နို့စားနွား၊ ငါး အစရှိသည့်ကဏ္ဍများအလိုက် အသီးသီးပါဝင် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကဏ္ဍအလိုက် ရရှိသော ဆွေးနွေးချက်များအပေါ် ဌာနဆိုင်ရာများက ပြန်လည် ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြာကြားကာ ညနေ ၄ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)