မိုးညှင်း စက်တင်ဘာ ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြတ်သရဖူခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်ဝင်းမူက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်လူရွယ်များ အတတ်ပညာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ကာယ ဉာဏ စာရိတ္တ မိတ္တ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်ဝစေရန်၊ ကျောင်းသားကျောင်းသူများ အချင်းချင်း ရင်းနှီးချစ်ခင်စွားဖြင့် အမြင်ချင်း ဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူအများ၏ရှေ့တွင် ပြောရဲဆိုရဲတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက စတင်ဆွေးနွေးပြီး အဆိုပါအခြေခံပညာ အထက်တန်းကျောင်း Grade-11 မှ မလင်းလဲ့နေခြည်က လူငယ်နှင့်ပညာရေး၊ မောင်မြင့်နိုင်ထွန်းက လူငယ်နှင့်အားကစား၊ မမေကဗျာနုနုက လူငယ်နှင့်မူးယစ်ဆေး၊ မမေရီလုနန်က လူငယ်နှင့်စာပေနှင့် မောင်လင်းထွဋ်ခေါင်က လူငယ်နှင့် စာရိတ္တခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ ရသစာအုပ်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)