မိုးညှင်းမြို့နယ် ခုနစ်မိုင်ကျေးရွာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း စက်တင်ဘာ  ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် ခုနစ်မိုင်ကျေးရွာ၌ ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာကော်မတီဝင် များနှင့် အတူ ကွင်းဆင်းစစ်ဆေးကြပြီး မိုးမြင့်သဒ္ဓါကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြရာ အဆိုပါရှင်းလင်းတင်ပြချက်များအပေါ် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လုပ်ငန်းများ အလျဉ်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ခုနစ်မိုင်ကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းတွင် (၄)လက်မ၊ (၃)လက်မနှင့် (၂)လက်မပိုက်ဖြင့် ပေပေါင်း ၁၆၂၀၀ ပေ ရေပိုက်သွယ်တန်း ခြင်း၊ အရှည်(၂၅)ပေ၊ ထု(၃)ပေနှင့် အမြင့်(၅)ပေရှိ ရေတား တမံတည်ဆောက်ခြင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ ရေသိုလှောင်ကန် (၂)ကန် တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လ ဒုတိယပတ်က မိုးမြင့်သဒ္ဓါကုမ္ပဏီမှ ခွင့်ပြုငွေကျပ် (၆၁)ဒဿမ (၈၇၅) သန်းဖြင့် တာဝန်ယူ ဆောက်ရွက်လျက်ရှိပြီး ယခုအခါတွင် ၎င်းလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါ ရေရရှိရေးလုပ်ငန်း ပြီးစီးသွားပါက ခုနစ်မိုင်ကျေးရွာတွင် အိမ်ခြေ(၁၉၂)အိမ်နှင့် လူဦးရေ (၉၈၁)ဦးအတွက် သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးဌေးမြင့်ထံမှ သိရသည်။

ရွှေမိုးညှင်း