ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင်မဲထည့်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များရှေ့တွင် ဆောင်ရွက်

မိုးညှင်း          အောက်တိုဘာ   ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၁၀ နာရီအချိန်၌ ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင် မဲထည့်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

လွှတ်တော်မဲဆန္ဒနယ် အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြိုတင်ဆန္ဒမဲပုံးများကို တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များရှေ့တွင် မဲပုံးအလွတ်များကို ရှင်းလင်းပြသပြီး သတ်မှတ်လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခဲ့ကြကာ စက်တင်ဘာလ ၁၅ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်တွင် အချုပ်ခံနေရသူ မဲဆန္ဒရှင်(၈)ဦးက ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ လွှတ်တော် ကိုယ်စားလှယ်လောင်း ကြိုတင် ဆန္ဒမဲပုံးများသို့ ထည့်သွင်းပေးခဲ့ကြသည်။

ယခုချိတ်ပတ်ခဲ့သည့် ကြိုတင်ဆန္ဒမဲပုံးများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် လုံခြုံရေးအစောင့် အရှောက်များဖြင့် ထိန်းသိမ်းထားရှိသွားမည်ဖြစ်ကြောင်းနှင့် မိုးညှင်းမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးမည့် လူဦးရေသည် ၇၁၆ ဦးခန့်ရှိမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ  ဒေါ်ခင်မေစိုးက ပြောကြားသည်။

မိုးညှင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၁၂ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်အတွင်းမဲပေးပိုင်ခွင့်ရှိသူဦးရေးမှာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၅၈၆၉၄ ဦးရှိကြောင်းနှင့် မဲရုံပေါင်း ၁၀၆ ရုံ လျာထားသတ်မှတ်ထား ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)