မြစ်ကြီးနား စက်တင်ဘာ ၇
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက် (၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းဆုရရှိခဲ့သဖြင့် အောင်မြင်မှုရရှိခဲ့သော ပြည်နယ် လက်ရွေးစင်အသင်း၏ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အဓိကရည်ရွယ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် အားကစားသမားများကို ကြိုတင် ရွေးချယ်စုဖွဲ့လေ့ကျင့် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း အားကစားကဏ္ဍမြှင့်မားရေး စဉ်ဆက်မပြတ် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ ခြင်းကြောင့် ပြည်နယ်အတွက် တန်ဖိုးရှိသော၊ စွမ်းရည်ထက်မြက်သော လူငယ်အားကစားသမား ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်ဘောလီဘောအသင်းများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာတာဝန် ရှိသူများက ပြိုင်ပွဲဝင် အမျိုးသားဘောလီဘောအသင်း (၁၂)သင်းနှင့် အမျိုးသမီး အသင်း (၇) သင်းတို့မှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ အဆိုပါ ပြည်နယ် ဝန်ကြီးချုပ်ဖလား ဘောလီဘောပြိုင်ပွဲ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမ၌ စက်တင်ဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကချင်ပြည်နယ်၏ ဘောလီဘောအားကစားနည်းအနေဖြင့် နှစ်ပေါင်း ၅၈ နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလီ ဘော ပြိုင်ပွဲတွင် အသင်းလိုက် တံခွန်စိုက်ဒိုင်းဆုကို ပြန်လည်ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသမီးအသင်းအနေဖြင့်လည်း အသင်းလိုက် တံခွန်စိုက်ဆု အပြင် အကောင်းဆုံး အားကစားသမားဆု (၂)ဆုကို ရယူပေးနိုင်ခဲ့ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ပြည်နယ်ပြန်/ဆက်