ချောင်းဆုံမြို့နယ် တကူပတီကျေးရွာတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်

ချောင်းဆုံ စက်တင်ဘာ ၇

လူမှုစီးပွား တိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသောသီးနှံများ ထုတ်လုပ်ရာတွင် အဆင်ပြေစေရေးအတွက် ယနေ့ နံနက်က ချောင်းဆုံမြို့နယ် တကူပတီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးခြင်း၊ သီးနှံဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မိုးစပါးအပြင် ဆောင်းသီးနှံနေကြာအထွက်နှုန်းကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ရာသီစိုက်ပျိုးသီးနှံများ အရည်အသွေးပြည့်မီကာ အထွက်နှုန်းပိုမိုတိုး တက်လာစေရန် စပါးနှင့်သီးနှံများတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရေးနည်းလမ်းများ၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မျိုးကောင်းမျိုးသန့် ထုတ်လုပ်သည့် နည်းလမ်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ဝန်ထမ်းများတို့က ပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်၍ အသိပညာ ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)