လယ်ဝေး စက်တင်ဘာ ၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လူငယ်အသိပညာပေးဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ဝါသနာရှင်များက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ခန်းမအပြင်ဘက်၌ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗဟုသုတရရှိစေရန် "လှပသာယာပြည်မြန်မာ" ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြှားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းစသည့် ပျော်ရွှင်ဖွယ် Game များကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)နှင့် ဇနီးဒေါ်ကြည်ကြည်ညွန့် မိသားစုနှင့် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လှူဒါန်းသော ဘောလ်ပင်နှင့်စာအုပ်များ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)