လယ်ဝေးမြို့နယ် ရပ်ကွက်(၇)ခုရှိ မဲရုံပြုလုပ်မည့်နေရာများအား ကွင်းဆင်းစစ်ဆေး

လယ်ဝေး အောက်တိုဘာ ၁၆

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ ရန်အတွက် လယ်ဝေးမြို့ပေါ် ရပ်ကွက်(၇)ခုတွင် သတ်မှတ်လျာထားသည့် မဲရုံနေရာများသို့ ယမန်နေ့မွန်းလွဲ (၂)နာရီ က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၇)ခုတွင် မဲရုံပေါင်း(၁၁)ရုံထားရှိမည်ဖြစ်ပြီး အဆိုပါ နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ မဲဆန္ဒရှင်များ လာရောက်မဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဲပေးနိုင်ရေး၊ မဲရုံအတွင်း မဲရုံပြင်ပ နေရာအကျယ်အဝန်း များ အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များ က လိုအပ်ချက်များ ဆွေးနွေးတင်ပြရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံပေါင်း (၁၄၄)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၁၇၃၈၅) ဦး ရှိကြောင်း သိရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)