စဉ့်ကူးမြို့နယ် ပင်လယ်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

စဉ့်ကူး   စက်တင်ဘာ   ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်သူ နှင့် ဝန်ထမ်းများက ပင်လယ်ကြီးကျေးရွာနေ အသက် (၁၀) နှစ်မှ(၁၆)နှစ်ကြား ပြည်သူ(၂၆)ဦး၊  အသက် (၁၆) နှစ်မှ(၁၈)နှစ်ကြား ပြည်သူ (၂၉)ဦးနှင့် အသက် (၁၈)နှစ်အထက် ပြည်သူ (၇၃)ဦး၊ စုစုပေါင်း ပြည်သူ (၁၂၈)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်ဆက်)