ဂွ စက်တင်ဘာ ၇
ရှေ့လုပ်ငန်းစဥ်(၅)ရပ်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့် ယခုအချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ရှေ့လုပ်ငန်းစဥ်(၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း၊ အင်းအိုင်၊ မြစ်ချောင်းများပေါများကာ မွေးမြူရေးလုပ်ငန်းများ ထွန်းကားခြင်းတို့ကြောင့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်တွင် အချက်တစ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကြိုးပမ်းဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဥ်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဂွမြို့နယ်တွင် ကဏန်းပျော့မွေးမြူခြင်းလုပ်ငန်း အောင်မြင်လျက်ရှိ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ရွှံကဏန်းအခွံမာများအား ကန်များအတွင်း ခြင်းများဖြင့် ထည့်၍ အခွံပျော့ကဏန်း ဖြစ်သည်အထိ မွေးမြူထားရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက် ရောင်းချရန် စီစဉ်လုပ်ဆောင် လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) လုပ်ငန်းမှာ ရဟိုင်ကူးတို့ ကျေးရွာ၌ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နေ့စဉ် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိ ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က သွားရောက်တွေ့ဆုံ မေးမြန်းမှုအပေါ် လက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူ Operations Manager ဦးသန်းဇော်ဦး၏ ပြန်လည်ဖြေကြားချက်များမှ သိရသည်။
လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်
ကဏန်းပျော့ မွေးမြူခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ကာ ကန်များကို တူးဖော်လုပ်ကိုင် ခဲ့ပြီး စက်တင်ဘာလတွင် ကဏန်းစထည့် ကြောင်း၊ လုပ်ငန်းစတင်လုပ်ကိုင်ပုံအဆင့်ဆင့်မှာ ကန်များကို အရင်ပြင်ကြောင်း၊ ကန်များ ပြင်ပြီးလျှင် ဖောင်ဆွဲရန် တံတားများဆောက်ကြောင်း၊ ပြီးလျှင် ခြင်းကွက်များထည့်ရန် PCP ပိုက်များနှင့် ဖောင်များလုပ်ကိုင်ကြောင်း၊ ဖောင်များ ပြင်ပြီး လျှင်ကန်ထဲသို့ ရေထည့်ကြောင်း၊ ပြီးလျှင်ရေပြန်ထုတ်ကြောင်း၊ ရေကန်ကိုသန့်ရှင်းရေးလုပ်ပြီး ကဏန်းမထည့်ခင် ရေကိုတစ်ပါတ် လောက်ခန့်က သွင်းထားပြီး ရေကောင်းသွားလျှင် ကဏန်းကို စထည့်ကြောင်း၊ 60kgမှ 100kg အောက် ရွှံ့ကဏန်းပျော့ အခွံမာများကို ဝယ်ယူပြီး အခွံပျော့ ကဏန်းအဖြစ် မွေးမြူခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ ကဏန်းပျော့များရလာလျှင် အအေးခန်းတွင် အောက်ဆီဂျင်ပေးပြီး ကဏန်းအသေများကို ရွေးထုတ်ကာ ကဏန်းအရှင်များကို သာ ရန်ကုန်မြို့တွင်ရှိသည့် အအေးခန်းစက်ရုံများသို့ နေ့စဥ် တင်ပို့လျက်ကြောင်း။ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ကုမ္ပဏီများမှ တဆင့် ပြည်ပနိုင်ငံများသို့ Exports ဆက်လက် တင်ပို့ကြောင်း သိရသည်။
လုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ကိုင်ရန်လျာထား
ကဏန်းမွေးမြူသည့်ကန်များမှာ ယခုအခါ (၆)ကန်ရှိရာ ကန်ထဲတွင် ကဏန်းကောင်ရေ ၇သောင်းခန့်ထည့်သွင်းမွေးမြူထားပြီး၊ နောင်နှစ် များတွင် ကန်(၃)ကန်ဆက်လက်တိုးချဲ့ တူးဖော်ပြီး ကန်(၉)ကန်တွင် ကဏန်းကောင်ရေ ၅သိန်း ခွဲခန့် ထည့်သွင်းမွေးမြူသွားမည်ဖြစ်ကာ အအေးခန်းများ တိုးချဲ့ဆောက်လုပ်ခြင်းအပါအဝင် အဆိုပါကျေးရွာမှ ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ နေကြောင်း ဦးသန်းဇော်ဦးထံမှသိရသည်။
လုပ်ငန်းများအောင်မြင်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေး
ထိုသို့ နိုင်ငံ့အကျိုးစီးပွား အတွက် မွေးမြူရေးလုပ်ငန်းအနေဖြင့် ကဏန်းပျော့ မွေးမြူပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက် ရန် စီစဉ်လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) လုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ရီက ကဏန်းပျော့ မွေးမြူခြင်းလုပ်ငန်း စတင်လုပ်ကိုင်ကတည်းက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ငန်းအောင်မြင်အောင် ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား ခဲ့သည်။
ဒေသတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်း
အဆိုပါ GW NINE FIVE (SSC CRAB) ကဏန်းပျော့မွေးမြူခြင်း လုပ်ငန်းသည် နိုင်ငံ့အကျိုးစီးပွား အတွက် မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ဒေသခံပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်သူ တစ်ရာနီးပါးအထိ ရှိခြင်း၊ ပြင်ပမှ ကဏန်းများအားရှာဖွေ၍ လာရောက် ရောင်းချသူများရှိခြင်းကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလန်းများ ပွင့်လန်း လျက်ရှိကြောင်း သိရပါသည်။
ရွှေရည်ဝင်းကျော်