ချီဖွေမြို့နယ်တွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှု မရှိရေး ကွင်းဆင်းစစ်ဆေး

ချီဖွေ စက်တင်ဘာ ၇

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် သက်တမ်းလွန် စားသောက်ကုန် များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သီဟ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဒေသခံပြည်သူများထံ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသောက်ကုန်များ သက်တမ်းလွန် အစား အသောက်များ ရောင်းချခြင်း၊ အစားအစာများတွင် ဓာတုဆေးဝါးများ၊ ဓာတုဆိုးဆေးများ သုံးစွဲ ထားသည့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ခွင့်ပြုချက်မရှိသော အစားအစာ များနှင့် လူသုံးကုန်များ၊ တရားဝင်မှတ်ပုံထားခြင်းမရှိ သည့် လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ယော်ကိ (ပြန်/ဆက်)