တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး

တနိုင်း စက်တင်ဘာ ၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသခံမိဘပြည်သူများ၊ ဌာနဆိုင်ရာ မိသားစုများ စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၅ ရက် နံနက် (၇) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် ကြက်သား (၅၀) ကျပ်သား (၅၅၀၀) ကျပ်၊ အမဲသား (၂၅) ကျပ်သား (၈၀၀၀) ကျပ်၊ ငါး (၂၅) ကျပ်သား (၅၀၀၀) ကျပ်၊ ကြက်ဥ (၅) လုံး  (၁၀၀၀) ကျပ်၊ ဆန် (၁) ပြည် (၅၀၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ (၄၀၀)ဦးခန့် လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို စက်တင်ဘာလ ပထမအပတ်မှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များအလိုက် နံနက် (၇) နာရီခွဲမှ (၁၀) နာရီခွဲအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဖွင့်လှစ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)