မုဒုံမြို့၌ ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ဖြန့်ဖြူးပေး

မုဒုံ စက်တင်ဘာ ၇

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝမြေသြဇာများ ဖြန့်ဖြူးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မ (၄) ရပ်ကွက်ရှိ စိုက်ပျိုးရေးဂိုထောင်၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။

စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာများကို ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ (ဘဲရမ်း၊ ကွမ်တာ)၊ မိုးစပါးစံပြစိုက်ကွက် စိုက်ပျိုးသည့် မှိန်ကနိမ်း၊ မြို့မ (၁)၊ ဘလောက်ညောင်ဝိုင်း ရပ်ကွက်/ ကျေးရွာများရှိ  စိုက်ခင်းဧက (၁၆၈) ဧကအတွက် တောင်သူဦးရေ (၆၇) ဦးအား ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်လျှင် ၃၃၅၀၀ ကျပ်၊ ရွှေဇီဝသဘာဝမြေသြဇာတစ်အိတ်လျှင် ၄၈၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းဓာတ်မြေသြဇာအိတ် ၂၇၉ အိတ်ကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ကြီးကြပ်၍ ဝန်ထမ်းများမှ တောင်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)