နမ့်စန်(တ) စက်တင်ဘာ ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ကိုယ်စားပြု လက်ဝှေ့အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အသင်းအုပ်ချုပ်သူ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက တာဝန်ရှိသူများကို ပြည်နယ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ယခု ပြည်နယ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ပြီး နည်းစနစ်မှန်ကန်စွာဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ စည်းကမ်းရှိစွာဖြင့် ပြိုင်ပွဲဝင်စေလိုကြောင်း၊ ယခုပြိုင်ပွဲတွင်အောင်မြင်မှုရလဒ်ကောင်းများရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေးဂရုစိုက်နေထိုင်ကြရန်နှင့် မြို့နယ် အတွက် အစွမ်းကုန်ကြိုးစားကြရန် ပြောကြားခဲ့ပြီး မြို့နယ်ကိုယ်စားပြု လက်ဝှေ့အားကစားအဖွဲ့မှ တာဝန်ရှိသူများထံသို့ အသင်းအောင်နိုင်ရေးအလံ ပေးအပ်၍ အလှူရှင်များက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး နမ့်စန်မြို့နယ်မှ မြို့နယ်ကိုယ်စားပြု လက်ဝှေ့အားကစားသမား အမျိုးသား (၇) ဦး၊ အမျိုးသမီး (၄) ဦး၊ စုစုပေါင်း ၁၁ ဦးက သက်ဆိုင်ရာ ကီလိုတန်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)