ညောင်ဦးမြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးဆေးရုံဆင်းခွင့်ရ

ညောင်ဦး အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ  ၈ ဦးသည် ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံက သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရသူးများမှာ ကြို့ပင်သာ(၁)ဦး၊ ဗြူကြီးရွာ (၁)ဦး၊ မြက်ခါးတော(၁)ဦး၊ တိုးချဲ့(၅)မှ (၂)ဦး၊ အမှတ်(၅)သီရိပစ္စယာ(၁)ဦး၊ အမှတ်(၃) ရပ်မှ (၁)ဦး၊ နပ္ပလင်ကျေးရွာမှ(၁)ဦး၊ စုစုပေါင်း(၈)ဦး ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ နံနက် ၁၁ နာရီအချိန်တွင် ဆင်းခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်လည်းစေ့ကာ၊ ကျန်းမာရေးလည်း ကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းခွင့်ရ သူတွေ အနေဖြင့် နေအိမ်မှာ Home Quarantine (၇) ရက်နေ ထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ရောဂါ အအတည်ပြုလူနာ ရောဂါ ပျောက်ကင်းသူများအား ညောင်ဦးဆေးရုံ၊ မြင့်မြတ်သူ လူမှုကူညီရေးအသင်း၊ ကရုဏာရှင် အသင်း၊ မြတ်ဒါနလူမှုကူညီရေးအသင်းတို့မှ လူနာတင်မော်တော်ကားဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း၊ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ တစ်ဦးလျှင် နှာခေါင်းစည်း ၅၀ ခုပါ တစ်ဘူးစီ၊ လမ်းတွင်စားသောက်ရန် အစားအစာနှင့် သောက်ရေသန့်ဗူးများအား FPA အဖွဲ့တို့က လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၅၇)ဦး၊ ရှိပြီး လက်ရှိတွင် ဆေးရုံတက်ရောက် ကုသနေသူ (၅) ဦးရှိနေသေးကြောင်း သိရကာ ဆေးရုံဆင်းခွင့်ရရှိသူ ၈ ဦးတို့အား ခရိုင်/မြို့နယ် တာဝန်ရှိသူများ က နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD