သံဖြူဇရပ် စက်တင်ဘာ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဒီဇယ်လျှပ်စစ်သင်တန်း "ဂဟေဆက်/ဝရိန်ဆော်ခြင်း" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဝယ်ကဝါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးဒေါ်မိုးမိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင်ဝေနှင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ဖြစ်သည့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိသည့်၊ ဝင်ငွေတိုးလုပ်ငန်းများပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှရရှိသည့် အတတ်ပညာဖြင့် မိမိဘဝအသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းသားများအား စာရေးကိရိယာများပေးအပ်ပြီး လုပ်ငန်းကျွမ်းကျင်သောပြင်ပဝရိန် ဆရာဦးဇင်ဗိုလ်ထက်က သင်တန်းဆက်လက်ပို့ချရာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သင်တန်းသား(၂၀)ဦးအား စက်တင်ဘာ ၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၂၀ ရက်တာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)