ငါန်းဇွန် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စနစ်သစ် Aerobic (၄၆)ကွက်နှင့် Zumba သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သော လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ ကျောင်းသား/သူများ ပညာသင်ကြားရာတွင် ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း ကိုယ်ကာယဖွံ့ဖြိုးခြင်း စသည့်အကျိုးကျေးဇူးများ အထောက်အပံ့ရရှိစေခြင်းတို့ကို ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၈ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့အထိကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ပေါင်းစုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြရန် အဆိုပါသင်တန်းကို စက်တင်ဘာ ၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)