ကျိုက်မရော စက်တင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့၊ ကျွန်းရွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က.ခွဲကျွန်းရွာမှ ဆရာကြီးဦးသန်းထွန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝင်းက လူငယ်နှင့်အားကစားကဏ္ဍကိုဦးဆောင်ဆွေးနွေးခဲ့သည်။
ယင်းနောက် အ.ထ.ကခွဲကျွန်းရွာမှ ကျောင်းသားကျောင်းသူလေးများက လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသားများ၏ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကိုပြသထားရာ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)