ဟိုပုံး စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ်သွယ်တန်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပိုချပေးလျက်ရှိပါကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံဖြိုးတိုးတက်လာစေရန်၊ ပြည်သူများလူမှုစီးပွားဘဝဖွံဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတဖွံဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ စအွန်ကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန် လူသုံးကုန်လုပ်ငန်းသုံး ဓါတုဗေဒပစ္စည်းများအကြောင်း၊ ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ Body Scrub နှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးတို့ကို စာတွေ့/လက်တွေ့ သင်ကြား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းများထဲက လုပ်ငန်းထူထောင် လုပ်ကိုင်လိုသူ(၅)ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် ကျပ်(၁၀)သိန်းနဲ့ညီမျှတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို ဒေသဖွံဖြိုး စေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ(၃၁)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)