မြင်းခြံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်သော နေအိမ်များ ရွှေ့ပြောင်း

မြင်းခြံ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ယနေ့နံနက်အစောပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ပြောင်းပြာချောင်း ဘေးတစ်လျောက်ရှိ နေအိမ်များ မိုးရေဝင်ရောက်သောကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

"ပြောင်းပြာချောင်းဘေးရှိ နေအိမ်များမှာ မြစ်ရေတက်မှုကြောင့် မြစ်ရေများ ဝင်ရောက်နေခြင်းအပြင် ယနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေများ ဝင်ရောက်လျက်ရှိပြီး မိမိတို့ ဆွေမျိုးများထံ သွားရောက်နေထိုင်ကြပြီး၊ အရေးပေါ်အိမ်ထောင်စု (၁၃) စုကိုတော့ ဘေးလွတ် ရာသို့ ခေတ္တ ပြောင်းရွှေ့ထားပါတယ်" ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်ကပြောသည်။

မြင်းခြံမြို့နယ်အနေဖြင့် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မိုးရေချိန် (၃.၃၉) လက်မရှိကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ကျော်စွာ(မြင်းခြံ)