မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာနှင့်လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၇

မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်  အခြေခံပညာအထက်တန်းကျောင်း (ကော့ခမယ်) တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာနှင့်လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ဦးတင်အောင်ဆန်းက “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦး တက်ရောက်ပြီး၊ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)