ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များပေါ်ထွက်လာရေး အလုပ်ရုံဆွေးနွေးပွဲသို့ ကြည့်ရှုအားပေး

ဟိုပုံး စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များပေါ်ထွက်လာရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မူလတန်းအရွယ်မှစ၍ ကျောင်းသား၊ ‌ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပကတိအခြေအနေအရ အမှန်တကယ် ဆောင်ရွက်နိုင်မည့်အချက်များကို ဆွေးနွေးဖော်ထုတ်ပြီး အစီအမံများရေးဆွဲ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဒေါ်နော်ချယ်ရီအေးက လူငယ်များဗလငါးတန်ကို ကောင်းစွာသိရှိနားလည်ပြီး နိုင်ငံအတွက်အကျိုးပြုသော သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးဟာ လူသားတစ်ဦး၊ ကျောင်းနေအရွယ် ကျောင်းသားတစ်ဦးမှ အစပြု၍ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလတိုနှင့် ပြည့်စုံစွာ ဖွံ့ဖြိုးလာအောင်ပညာဖြင့် ကြံဆောင်ပြီး ကြိုးစားပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်လွန်ပြီး မိမိကိုယ်တိုင်လည်းသင် ယူလေ့လာဆည်းပူး ဖြည့်ဆည်းပျိုးထောင်မှုတို့ဖြင့် ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဒါကြောင့် မိဘ၊ ဆရာသမားများဟာ လူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးမှုအား စနစ်တကျလေ့ကျင့်သင်ကြားပေး သွားမည်ဆိုလျှင် အနာဂတ်မြန်မာနိုင်ငံကြီးဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များပေါ်ထွက်လာရေး အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)