ချင်းရွှေဟော် အောက်တိုဘာ ၁၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း နေထိုင်သည့် အများပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စခန်းမှူး ရဲအုပ်သိန်းဗိုလ် ဦးစီး၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်လှိုင်ဝင်းနှင့် အဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ည (၈)နာရီအချိန် က စ၍ ညလှည့်ကင်းများ လှည့်လှည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ ညလှည့်ကင်းများ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့ ပြည်ထောင်စုလမ်းမကြီးနှင့် မြို့ပေါ်ရှိ ရပ်ကွက်(၃)ခုဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များတွင် နေထိုင်ကြသည့် အများပြည်သူများအား စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပွားစေရေးနှင့် နယ်မြေ အတွင်း လုံခြုံမှုရှိစေရေးတို့အတွက် ယာဉ်တင် လှည့်ကင်းများဖြင့် ညစဉ်ညတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ချင်းရွေဟော်မြို့ စခန်းမှူးထံမှ သိရသည်။
၎င်းအပြင် ချင်းရွှေဟော်မြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့အဝင် သံတံတားဂိတ်အနီး၌လည်း တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ သယ်ဆောင်လာမှုမရှိစေရန်အတွက် မော်တော်ယာဉ်များကို ရှောင်တခင်၊ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)