မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၇

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းမွန်စွာ သင်ယူနိုင်စေရန်၊  အနာဂါတ်အတွက်  အားထားရသည့် သားသမီးရတနာ များ ဖြစ်နိုင်ကြစေရန်ရည်ရွယ်၍  ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့်  အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၄၀) ကျောင်းနှင့် အ.မ.က (၂၈) ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဦးစီးအရာရှိ ဦးတင်ထွန်းဦးက တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာစွာ နေထိုင်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေအဖြစ်အရပ်နှင့်  ကိုယ်ခန္ဓာအလေးချိန် စစ်ဆေးခြင်း၊ အရေပြားရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ရောဂါစသည့် သွားနှင့်ခံတွင်းကျန်းမာရေးအခြေအနေ၊ အမြင်အာရုံချို့ယွင်းခြင်း၊ မျက်စိ၊ နားရောဂါစသည့် ရောဂါအခြေအနေများ စစ်ဆေးခြင်း၊ နားပြည်ယိုခြင်း၊ နားလေးခြင်းရှိ/ မရှိ၊ အာသီးရောင်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းကြီးခြင်း၊ လည်ပင်းအကျိတ်ကြီးခြင်း စသည့်ရောဂါများ၊ နှလုံးနှင့်အခြားရောဂါများရှိ/ မရှိစစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးတိုက်ကျွေးခြင်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဦးစီးအရာရှိ ဦးတင်ထွန်းဦးနှင့်  ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်းနှင့် မူလတန်းကျောင်း (၄၅) ကျောင်းရှိပြီး ကျန်ရှိသည့် ကျောင်းများသို့လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြမြဝင်း (ပြန်/ဆက်)