နမ္မတူတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသ

နမ္မတူ စက်တင်ဘာ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံရှိ လက်ရှိဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် တားဆီးကာကွယ်ခြင်းဆိုင်ရာ ဆောင်ရွက်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများပါဝင်ပြီး  အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)