မိုင်းဆတ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ရေးအစီအစဉ်(MCCT) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က နိုင်ငံတော်အစိုးရမှ ယခုကဲ့သို့ ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ငွေကြေးထောက်ပံ့ပေးခြင်းမှာ ကိုယ်ဝန်ဆောင်စဉ်မှ ကလေးသူငယ်(၂)နှစ်ပြည့်သည်အထိ ကလေးဘဝအစရက်ပေါင်း (၁၀၀၀)အတွင်း မှန်ကန်ပြည့်ဝသည့် အစာအာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်နှင့် ကလေးငယ်များ အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးသော လူ့စွမ်းအားအရင်းအမြစ် ရရှိလာစေရန် ရည်ရွယ်၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီး ဒေါ်ဇင်မာကြည်က MCCT ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာကြည်နှင့် ခရိုင်/မြို့နယ် အဆင့်တာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင် (၃၉၂)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၅၁၂)ဦးအား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် ငွေကျပ်(၃၈,၈၈၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်များနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)